စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ် “ရွှေမင်းဝံ”ဖလား အလွတ်တန်း အမျိုးသား/အမျိုး သမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ စစ်ကိုင်းမြို့၌ ကျင်းပ
မုံရွာ၊ စက်တင်ဘာ ၉
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး ဘော်လီဘောဆပ် ကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ရွှေမင်းဝံ”ဖလား အလွတ်တန်း အမျိုးသား/အမျိုး သမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်း တွင် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစား သမားများ၊ အသင်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီး ဗိုလ်လုပွဲစဉ် အဖြစ် စစ်ကိုင်းတိုင်းလူငယ်အသင်းနှင့် ပျဉ်းမနားလူငယ် အသင်းတို့ယှဉ်ပြိုင်ကစားနေမှု များအား လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ယမုံအိမ့်ရှိုင်းအသင်းနှင့် ရွှေခြင်း လုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား လည်းကောင်း ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အမျိုးသား/သမီး ပွဲစဉ်တစ် လျှောက် နေရာအလိုက်အကောင်းဆုံးဆုရရှိကြသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသား ဆုများ အားပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက အမျိုး သမီး တတိယဆုရရှိသော အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) အသင်းအား တစ်ဦး ချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် - ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက အမျိုးသား တတိယဆုရရှိသော လက်ပန်လှအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုငွေကျပ်သိန်း- ၂၀ အားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့အတွင်းရေးမှူးက အမျိုးသမီး ဒုတိယဆုရရှိသော ပျဉ်းမနားအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ငွေသားဆုငွေကျပ်သိန်း- ၂၀ နှင့်ဆုဖလားအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီးက အမျိုးသား ဒုတိယဆုရရှိသော ရွှေခြင်းလုံးအသင်း အား တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုငွေကျပ်သိန်း - ၃၀ နှင့် ဆုဖလားအား လည်း ကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသမီး ပထမဆုရရှိသော စစ်ကိုင်း လူငယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ်သိန်း - ၃၀ နှင့် ဆုဖလား အားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား ပထမဆုရရှိ သော ယမုံအိမ့်ရှိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ်သိန်း - ၅၀ နှင့် ဆုဖလားတို့အား အသင်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဆုရရှိသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ပြိုင်ပွဲဝင်အားကစားသမားများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။



















































