စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) တက်ရောက်
မုံရွာ၊ မေ ၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို မေလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေအား နိုင်ငံတော်အစိုးရမှ ငွေကျပ်(၁၀)ဘီလီယံ ခွဲဝေချထားပေးခဲ့ရာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ထုတ် လုပ်မှုစွမ်းအား မြင့်မားလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမနှင့် MSMEs လုပ်ငန်းများအား အရင်းမပျောက်မတည်ရန်ပုံငွေအဖြစ် အတိုးနှုန်းတစ်လလျှင်(ဝ.၅%)ဖြင့် လုပ်ငန်းရှင်(၃၃၃)ဦးအား ငွေကျပ်(၉၆၉၅)သန်းအား ထုတ်ချေးခဲ့ပြီးဖြစ်သည့်အတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေ(၁၀)ဘီလီယံပြည့်မီအောင် ထုတ်ချေးပေးနိုင်ရေး တာဝန်ရှိသူ များမှအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အတိုးရငွေများမှလည်း ထုတ်ချေး ပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပြီး ချေးငွေများအား အကျိုးရှိစွာအသုံးချ၍ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစိစစ် လေ့လာတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင်၊ ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင် များအတွင်းရှိ မြို့နယ်များ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်းရှိမြို့ နယ်များ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေ ဆွေးနွေးအကြံပြု တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





































