နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်
မုံရွာ ၊ ဇန်နဝါရီ ၂၄
(၇၆)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံဆရာတော်၊ လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းသည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင် ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့် ဘွဲ့ခံဆရာတော်၊ လူပုဂ္ဂိုလ်များအား ဘွဲ့များချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပသည်။
အခမ်းအနားသို့ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာ တော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံ သရေစည်သူဘွဲ့တံဆိပ်၊ ဘွဲ့လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တ ကုသလထံ သီရိပျံချီဘွဲ့တံဆိပ်၊ဘွဲ့လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လက်ရောက်ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်း ဝံရိပ်သာ ဧည့်ခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိသည့် ကျန်းမာရေးဝန်ကြီးဌာနမှ သားဖွား ဆရာမ ဒေါ်သိန်းရီအား ဘွဲ့တံဆိပ်နှင့်ဘွဲ့လက်မှတ်အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး သီတဂူဆရာတော်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီမြစ်၊ စစ်ကိုင်းမြို့နယ်၊ သီတဂူအမှတ်(၂) မြစ်ရေ တင်စက်ရေရရှိရေး အလျား- ၁၄၅၀ မီတာ၊ အနံ- ၃၅ မီတာ၊ ရေစစ်မျဉ်းအောက်အနက် (၂.၅) မီတာ (သောင်တူး)ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းများဆောင်ရွက် နေမှု များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးမှ သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို မိန့်ကြားခဲ့ကြောင်း သိရှိရသည်။





























