စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လဟယ်မြို့ နယ် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)ဖွင့်ပွဲတက်ရောက်
မုံရွာ၊ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ တိုက်ရံကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး ကော်မတီနှင့်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ်(၅/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် နာဂဒေသလဟယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စားရေ ရိက္ခာ ဖူလုံစေရေးအတွက် စနစ်ကျ လယ်ယာများဖော်ထုတ်ပေးနေမှု အခြေအနေများနင့် လယ်ယာသုံးစက်ကိရိယာများ၊ မျိုးစေ့ချ ကိရိယာများအား ပြည့်စုံလုံလောက်မှုရှိစေရေးတို့အတွက် ထောက်ပံ့ပေးအပ်လျှက် ရှိပါကြောင်း၊ နာဂဒေသအတွင်း ရာသီဥတုကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် စနစ်ကျ ကုန်းမြင့်လယ်ယာများ ဖော်ထုတ်စိုက်ပျိုးခြင်းဖြင့် ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုစနစ်ပပျောက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသား သင်တန်းသားများအနေဖြင့်လည်း ယခုသင်တန်းမှပို့ချပေးမည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု စာတွေ့၊လက်တွေ့ နည်းပညာများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာ သင်ကြားသွားကြပြီး လက်တွေ့အသုံးချခြင်းဖြင့် ဒေသအကျိုးကိုဖော်ဆောင်သူများ ဖြစ်ကြပါ စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း အမှတ်စဉ်(၅/၂၀၂၄) ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုသွားမည့် လယ်ယာသုံး လက်တွန်းထွန်စက်များနှင့် မြေဖွစက်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)တွင် လဟယ်မြို့နယ်အတွင်းရှိ တိုက်ရံကျေးရွာ၊ အံ့ပေါ်ကျေးရွာ၊ ဝုန်ညူးနောင်ကျေးရွာ နှင့်လကျန်းကျေးရွာတို့မှ သင်တန်းသား ၂၀ ဦး တက်ရောက်ကာ သင်တန်းကာလ ရက်သတ္တ ၂ ပတ်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာရှိ ဒေသခံတောင်သူများ စားရေရိက္ခာဖူလုံစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရမှ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လယ်ယာအမြေ ၁၉၀ ဧကအတွင်းရှိ စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်းနေမှု အခြေအနေများနှင့် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပြီးစီးမှုနှင့် ဆောင်သီးနှံစိုက်ပျိုးရန်အတွက် ပြင်ဆင်ရန်လိုအပ်မှုများအား ကြည့်ရှုစ်စစ်ဆေးပြီး ရေရရှိသည့်နေရာများတွင် နှစ်သီးစိုက်ပျိုးရေးနှင့် ရာသီအလိုက်စိုက်ပျိုးသည့် သီးနှံများအား ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း အသေးစိတ် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာရှိ ကုန်းမြင့်လယ်ယာဘက်စုံသုံးခန်းမ အလျား - ၆၀ ပေ၊ အနံ ၊ ၃၀ ပေ၊ အမြင့် - ၁၂ ပေ RC တစ်ထပ် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး ပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် လဟယ်-လောင်ကျန်း၊ နောက်ကုန်း- တိုက်ရံ-လန်ထိန်လမ်းရှိ အရှည် - ၂၀ ပေရှိ ကွန်ကရစ်တံတား တည်ဆောက် ပြီးစီးမှုအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့ နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လဟယ်မြို့နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်နှင့် အပန်းဖြေနိုင်စေရန်အတွက် တစ်ရက်လျှင် ရေဂါလံ ၁၅၀၀၀၀ ခန့် ထွက်ရှိသည့်စိမ့်စမ်းရေအား ဆည်ပိတ်ကာ ပြန်လည်တူးဖော်ခဲ့သည့် အကျယ် ၃ ဧကကျော်နှင့် အနက် ၁၂ ပေရှိ ရေဂါလံ ၉၈ သိန်းကျော် သိုလှောင်ထားနိုင်သည့် မိုးဒါန်းကန်အား မြို့နေပြည်သူများ အပန်းဖြေအနားယူနိုင်သည့် သာယာလှပသော အနားယူလည်ပတ်ရန်နေရာအဖြစ် တိုးမြှင့်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။











































