စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဆင်းပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ နိုဝင်ဘာ ၂၉
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင် တန်းဆင်းပွဲ အခမ်းအနားကို နိုဝင် ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဥပဒေဆိုင်ရာနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား/သူများအနေဖြင့် မိမိတို့သင်ကြားတက်မြောက်ထားသည့် ဥပဒေအသိပညာများအား မိမိတို့ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများကို ပြန်လည်ပို့ချရာတွင် သိရှိနားလည် သဘောပေါက်အောင် ထိထိရောက်ရောက် သင်ကြားပို့ချသွားကြရန်လိုအပ်ပါကြောင်း၊ ဥပဒေအသိပညာသည် လူတိုင်းလေ့လာသင့်သည့် ပညာရပ်ဖြစ်သည့်အတွက် မိမိတို့လေ့လာသိရှိထားသည့် အသိပညာများအား ကျောင်းသား/သူများသာမက မိမိတို့မိသားစု၊ မိမိတို့နေထိုင်ရာပတ်ဝန်း ကျင် ၊ မိတ်ဆွေအပေါင်းအသင်းများထံ ထပ်ဆင့်မျှဝေပေးသွားကြရန်လိုအပ်ပါကြောင်း၊ ဥပဒေအသိပညာများ ပြန့်ပွားလာခြင်းဖြင့် နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှ တမှုဖော်ဆောင်ရေးတို့အား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေအသိပညာပြန့် ပွားရေး ဆရာဖြစ်သင်တန်းတွင် စံပြဆုရရှိသူအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က သင်တန်းတွင် ပထမဆုရရှိသူအား လည်ကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးကသင်တန်းတွင် ဒုတိယဆုရရှိသူအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာ
ဝန်ကြီးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က သင်တန်းတွင် တတိယ ဆုရရှိကြသူ များအား ဂုဏ်ပြုဆုလက်မှတ်များ အသီးသီး ပေး အပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး ဥပဒေချုပ်က သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းသို့ မုံရွာမြို့ နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမ ၁၄၉ ဦးအား ဥပဒေပညာ ဘာသာရပ် ၇ ရပ်ဖြင့် သင်တန်းကာလ ရက်သတ္တပတ် ၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ ချခဲ့ကြောင်း သိရသည်။


































