စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ
မုံရွာ၊ မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော၂၀၂၅-ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲမင်္ဂလာအခမ်း အနားကို မတ်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် သာသနာ့ဗိမာန်တော်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊တိုင်း ဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊အလှူရှင်များနှင့် ဖတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန့်တော့ ၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး သာသနာရေးမှူး ဦးသန်းအေးအောင်ကအခမ်းအနား ဖွင့်စာတမ်းအား ဖတ်ကြားလျှောက်ထားသည်။
ယင်းနောက် စစ်ကိုင်းမြို့၊ ရွှေဘုန်းရံသီကျောင်း တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တပဏ္ဍဝံသ (အဂ္ဂမဟာပဏ္ဍတ) ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက် တည်ကြသည်။
ဆက်လက်ပြီး မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မုံရွာမြို့၊ မဟာလယ်တီကျောင်းတိုက်၊ ဘဒ္ဒန္တဉဇ္ဇောတ ဆရာတော်မှ သာရဏီယ ဩဝါဒကထာမြွက်ကြားချီးမြှင့် တော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီး ၁ ပါးတို့အား လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံ ဆိပ်တော်ရ သီလရှင်ဆရာကြီး ၁ ပါးနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၁ ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ၏ဇနီးများမှ ဘွဲ့တံဆိပ်တော်ရ သီလရှင် ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အကြည်ညိုခံဆရာတော်ကြီး များအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့၊ ခေမာသီဝံကျောင်း တိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယ ဘဒ္ဒန္တပညာသီရီ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစု စုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ်ဆို ဆုတောင်း ကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ဆွမ်း ဆန်စိမ်းများနှင့်ဝတ္ထုငွေများ လောင်းလှူခဲ့ကြသည်။
အဆိုပါ ၂၀၂၅-ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားတွင် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ၃ ပါး၊ မဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ၉ ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ၃ ပါး၊ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ၅ ပါး၊ ကမ္မဌာနာစရိယ ၁ ပါး၊ ဘွဲ့တံဆိပ် တော်ရ သီလရှင်ဆရာကြီး ၄ ပါး၊ မဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံ ဆိပ်တော်ရ လူပုဂ္ဂိုလ် အမျိုးသား ၁ ဦးတို့အား ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့သည်။
အလားတူ စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်း ၌ ၂၀၂၅-ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်းများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။




















