စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စက်သုံးဆီ သယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဇွန် ၂၀
တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မိမိတို့တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့တွင် စက်သုံးဆီသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် စက်သုံးဆီသယ်ယူ ရောင်းချမှုများ အဆင်ပြေချောမွေ့စေရေးနှင့် စက်သုံးဆီသယ်ယူရောင်းချရာတွင် အခက်အခဲများ၊ လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးရန် အတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်များမှလည်း မိမိတို့ဆိုင်မှ ရောင်းချရန်စက်သုံးဆီများအား မိမိတို့ဆိုင်တွင်သာ ရောင်းချ ရန်နှင့် အခြားနေရာဒေသများသို့ သယ်ဆောင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် တရားမဝင်စက်သုံးဆီသယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် လိုအပ်ပါကြောင်း လိုအပ်ပါကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့် ဖြူးရောင်းချ ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ခရိုင်အလိုက် စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မုံရွာမြို့ပေါ်ရှိ စက်သုံးဆီလုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးတင်ပြကြသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူ ဖြန့်ဖြူးရောင်းချခြင်း ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။














