စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
မုံရွာ၊ ဇွန် ၂၆
(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရုံးများ မှရဲတပ်ဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် နိုင်ငံဖြတ်ကျော်မှုခင်းနှင့် ဆက်နွယ်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးတို့အား ထိခိုက်လျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာ ရေးအား များစွာထိ ခိုက်စေနိုင်ပြီး ကမ္ဘာနှင့်အဝှမ်း လူသားအရင်းအမြစ်များ ဆုံးရှုံးမှုများ ဖြစ်ပေါ် လျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာ တွင်လည်း တားဆီးနှိမ်နင်းရေးလုပ်ငန်းတစ်ခုတည်းနှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးအား မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးလှုံ့ဆော်မှုများအား ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ အနေဖြင့်လည်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ဘက်ပေါင်းစုံမှ အလေးထားပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ ဥက္ကဌ ထံမှပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဖတ်ကြားသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးတားဆီးနှီမ်နင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင် ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများအား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရတပ်ဖွဲ့ဝင်များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရရှိမှု မှတ်တမ်းဓါတ်ပုံများနှင့် အသိပညာပေးမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

















